Skip to main content

သာဓက ဝတ္ထုများ

တစ်နေ့သ၌ လူရွယ်တစ်ဦးသည် တရှိုက်ရှိုက်

ငိုကြွေးလျက် ဘုရားရှင်ထံမှောက်သို့

လာရောက်ဖူးမြော်၏။ "ဘာကြောင့်ငိုသနည်း"ဟူ၍

ရှင်တော်ဘုရားကမေးလျှင် ထိုလူရွယ်က

"ယမန်နေ့က တပည့်တော်ရဲ့ဖခင်ကွယ်လွန်သွားလို့ပါ

ဘုရား" ဟူ၍ လျှောက်ထားလေသည်။


"ဘာတတ်နိုင်မလဲ၊ ငိုနေလို့ သေတဲ့သူက

ပြန်ရှင်လာမှာမဟုတ်ပေဘူး၊ "မှန်ပါတယ်ဘုရား၊

ငိုနေလို့ သေတဲ့ဖခင်ကြီးပြန်ရှင်လာမှာ မဟုတ်တာ

ကိုတော့ သိပါရဲ့ဘုရား။ သို့သော်လည်း

သွားလေသူ ဖခင်ကြီးအတွက် ကောင်းရာကောင်းကြောင်း

တစ်စုံတစ်ရာများ အရှင်ဘုရားက ဆောင်ရွက်ပေး

ပါလို့ လျှောက်ထားလိုကြောင်းပါဘုရား"


"ဟေး...သွားလေသူ ဖခင်ကြီးအတွက် ကောင်းရာ

ကောင်းကြောင်းဟုတ်လား။ "


"ဒီလိုပါဘုရား တစ်ချို့ဂိုဏ်ဆရာတွေ၊ အလှူခံ

ပုဂ္ဂိုလ်တွေဟာ သူတို့တပည့်များရဲ့ 

အပြစ်တွေကို တမလွန်ဘဝမှာ မကျခံရအောင်

လုပ်ပေးကြပါတယ်ဘုရား။ အဆောင်အယောင်

အခမ်းအနားမျိုးစုံနဲ့ လုပ်ကြပါတယ်ဘုရား။

လူပြည်ကနေပြီး အဲဒီယတြာ မန္တန်တွေနဲ့ 

သူတို့အဖို့မှာ နတ်ပြည်ကို တန်းပြီးရောက်သွား

ကြတယ်လို့ ဆိုပါတယ်ဘုရား။ အရှင်ဘုရားကတော့

ဘုန်းတန်ခိုး ကြီးမားတော်မူတဲ့အတွက် တပည့်တော်ရဲ့

သွားလေသူ ဖခင်ကြီးအတွက် ယတြာမန္တာန်တွေ

လုပ်ပေးတော်မူမယ်ဆိုရင် ဖခင်ကြီးဟာ နတ်ပြည်

ရောက်ရုံသာမက အမြဲတမ်းနေခွင့်ပါ ရရှိနိုင်ပါလိမ့်မယ်

ဘုရား။ ဒါကြောင့် တစ်နည်းနည်းနဲ့ ကူမတော်

မူပါဘုရား"


ဘုရားရှင်သည် ထိုလူရွယ်၏ ရင်တွင်း ပူဆွေးမှု

ဖိစီးခြင်းကို သိမြင်တော်မူ၍ ကျိုးကြောင်းပြ၍

ဟောပြလျှင် နားလည်နိုင်မည် မဟုတ်သည့်

အတွက် ဥပါယ်တံမျဉ်ဖြင့် ဟောပြတော်မူပုံကား -


"ကောင်းပြီလေ၊ ဈေးမှာ မြေးအိုးနှစ်လုံးသွား

ဝယ်ချေ" ဟုစေခိုင်တော်မူလေသည်။ 

ထိုလူရွယ်သည် ဝမ်းသာအားရဖြင့် မြေအိုး

နှစ်လုံး ဝယ်ခဲ့ပြီးလျှင် ဘုရားရှင်၏ ရှေ့မှောက်၌

ချထားပြီးသောအခါ ဘုရားရှင်က မြေအိုးတစ်လုံး

တွင် ထောပတ်ကြည် အပြည့်ထည့်စေ၏။ အခြား

တစ်လုံးတွင် ကျောက်စရစ်ခဲ အပြည့်ထည့်စေ၏။

အိုးနှစ်လုံးစလုံးကို လုံအောင်ပိတ်စေ၏။ ထိုနောက်

အိုးနှစ်လုံးကို အနီးရှိရကန်တွင် ချစေ၏။ 

လူရွယ်သည် ဘုရားရှင်က ယတြာမန္တန်စီရင်

နေသည်ဟု ထင်၍ ဝမ်းမြောက်ဝမ်းသာ လိုက်နာ

ပြုလုပ်လေရာ အိုးနှစ်လုံး ရေတွင်နစ်သွားလေသည်။

ထိုအခါ မြတ်စွာဘုရားက ထိုလူရွယ်အား

တုတ်ကြီးတစ်ချောင်း အရှာခိုင်းပြီးလျှင် ရေအောက်ရှိ

မြေအိုးနှစ်လုံးကို ရိုက်ခွဲစေ၏။


အိန္ဒိယနိုင်ငံတွင် အစဉ်အလာထုံးစံရှိသည်မှာ 

လူသေကို မီးသဂြိုဟ်သောအခါ ထင်းပုံပေါ်တွင်

လူသေအလောင်း မီးစွဲပြီး ပြာမဖြစ်မီတွင်

သားဖြစ်သူက ဖခင်၏ အလောင်းကောင် ဦးခေါင်းခွံကို

တုတ်ကြီးကြီးဖြင့် ကွဲအောင်ရိုက်ရ၏။ ရှေးရိုးအစဉ်အလား

ယုံကြည်မှုအရ ဦးခေါင်းခွံကွဲသွားသည်နှင့်တစ်ပြိုင်နက်

သေသူ့အဖို့ နတ်ဘုံတံခါးကြီး ပွင့်သွားရောဟူ၏။

ထိုလူရွယ်၏ စိတ်ထဲမှာကား "ငါ ဖခင်ကြီးရဲ့

ဈပနကတော့ မနေ့ကပဲ ပြာကျခဲ့ပြီ။ အခုဘုရားရှင်က

ဖခင်ကြီးကို မီးသဂြိုဟ်တဲ့ အထိမ်းအမှတ်အနေနဲ့

ဦးခေါင်းခွံရဲ့အစား အိုးတွေကို ရိုက်ခွဲခိုင်းတာ

ဖြစ်မှာပဲ" ဟူ၍ ယတြာအစီအစဉ်အဖြစ် မှတ်ယူကာ

ပျော်ရွှင်နေလေသည်။


ဘုရားရှင် ညွှန်ပြတော်မူသည့်အတိုင်း တုတ်ကြီးကြီးဖြင့်

အိုးနှစ်လုံးစလုံးကို ရိုက်ခွဲလိုက်ရာ အိုးတစ်လုံး

ထဲရှိ ထောပတ်သည် ရေမျက်နှာပြင်ပေါ်သို့

တက်လာပြီး ပေါလောပေါ်လျက်နေလေ၏။

အခြားအိုးထဲမှ ကျောက်စရစ်ခဲတို့သည်ကား

အိုးကွဲထဲမှ ပြန့်ထွက်လာပြီးလျှင် ရေအောက်တွင်ပင်

နေကြလေသည်။ ဘုရားရှင်က လူရွယ်အား

မိန့်ကြားတော်မူသည်မှာ -


ကဲ - အမောင်လုလင်၊ ငါဘုရားလုပ်ထိုက်သမျှကိုတော့

လုပ်လိုက်ပြီးပြီ၊ မင်းရဲ့ဆရာကြီးတွေ ပင့်ပြီးတော့

ယတြာမန္တန်တွေ အရွတ်ခိုင်ပြီး ဆုတောင်းခိုင်ပေတော့။

ဘယ်လိုဆုတောင်းရမလဲဆိုတော့ -


"ဟဲ - ကျောက်ခဲလေးတွေ တက်လာခဲ့ တက်လာခဲ့"

လို့ ဆိုကြပါစေ။ ပြီးတော့လည်း "ဟဲ့- ထောပတ်တွေ

အောက်နစ်ကြ အောက်နစ်ကြ"လို့ ဆိုကြပါစေ။

ငါဘုရားရှင်က စောင့်ကြည့်နေမယ်။


"ဟာ- အရှင်ဘုရားက နောက်ပြီးမိန့်တော်မူနေတာကိုး။

ကျောက်စရစ်က ရေထက်လေးတာပဲ။ ရေအောက်

မှာဘဲ နေမှာပေါ့ဘုရား၊ ရေပေါ်ကို ဘယ်တတ်

နိုင်ပါမလဲ။ ဒါသဘာဝတရားပဲ။ ထောပတ်က

ရေထက်ပေါ့တာမို့ ရေပေါ်မှာ ပေါ်နေမှာပါဘုရား။

ဘယ်လိုမှ နစ်မြုပ်မသွားနိုင်ပါဘုရား ဒါဟာလည်း

သဘာဝတရားပါဘုရား"


"အမောင်လုလင်၊ သင်ဟာသဘာဝတရားအကြောင်း

တော်တော်သိထားပြီပဲ။ အခုကိစ္စမှာတော့

သဘာဝတရားကို နားမလည်နိုင်ပဲကိုး။

အမောင်ရဲ့ ဖခင်ကြီးဟာ သူ့ဘဝတစ်လျှောက်လုံးမှာ

အပြစ်လေတဲ့အမှုတွေ လုပ်ခဲ့ရင် ကျောက်စရစ်ခဲ

တွေလို ရေအောက်မှာရောက်နေပေလိမ့်မယ်။

ဘယ်သူကမျှ သူ့ကို ဆွဲမတင်နိုင်ပေဘူး။

ပြီးတော့ သူလုပ်ခဲ့တဲ့အလုပ်တွေဟာ အပြစ်မရှိတဲ့

အလုပ်တွေ ဖြစ်ခဲ့ရင် ထောပတ်လို ရေပေါ်

တက်လာပေလိမ့်မယ်။ ဘယ်သူကမျှ

သူ့ကို ဆွဲပြီးမနှစ်နိုင်ပေဘူး"


သဘာဝတရားကို သိမြင်ပြီးဖြစ်ကြ၍ တရားနှင့်အညီ

နေထိုင်ကြမည်ဆိုလျှင် ကျွနိုပ်တို့တစ်ထွေသည်

ဒုက္ခညွန်တွင်းမှ မကြာမြင့်မီပင် ထွက်မြောက်

နိုင်ကြပေလိမ့်မည်။ ။


ကမ္ဘာ့ဝိပဿနာ သာသနာပြု တရားပြဆရာကြီး၊

ဝဏ္ဏကျော်ထင် ၊မဟာသဒ္ဓမ္မဇောတိကဓဇ၊ 

ဆရာကြီး ဦးအက်(စ်) အင်(န်) ဂိုအင်ကာ။


ဦးတင်ဦး (မြောင်) မြန်မာဘာသာပြန် -

"အနေတတ်ပါစေ" စာအုပ်၊

စာမျက်နှာ (၈၁၊ ၈၂၊ ၈၃) ။