ဝိပဿနာတရားပွားများခြင်း၏ ရည်ရွယ်ချက်မှာ တစ်ဦးပေါ်တစ်ဦး ဖြစ်ပွားတတ်ကြသော မလိုမုန်းထား ဒေါသတရားတို့မှ လွတ်ကင်းစေပြီး ကျဉ်း မြောင်းသော ဂိုဏ်းဂဏအစွဲ။ အမျိုးဇာတ်အစွဲ မာန်မာနအနှောင်အဖွဲ့များမှ ကျွတ်လွတ်စေ၍ အပြစ်ကင်းသော လူတစ်ယောက် ဖြစ်လာစေလျှက် မိမိ ကောင်းကျိုး သူတစ်ပါးကောင်းကျိုး အသိတရားတို့ဖြင့် ပြည့်ဝနေသည့် ဘ၀ မျိုးဖြစ်အောင် ပြုပြင်နေထိုင် သွားနိုင်စေရန်ဖြစ်သည်၊ ဝိပဿနာတရားသည် ရာဂ။ ဒေါသ။ မောဟတို့ဖြင့် ဖောက်ပြန်နေသောစိတ်ကို အညစ်အကြေးကင်းစင် အောင်လုပ်သည့် တရားဖြစ်သည်၊ နေ့စဉ် လူနေမှု ဘဝ၌ ကြုံတွေ့ရသော တင်းမာမှုများဖြင့် ထုံးဖွဲ့ထားသည့် စိတ်ကို အထုံးအဖွဲ့က လွတ်အောင် လက်တွေ့ လုပ်သည့် အလေ့အကျင့်ဖြစ်သည်၊ ဝိပဿနာတရားသည် စိတ်ပိုင်းဆိုင်ရာ အမြင့်မြတ်ဆုံး အလေ့အကျင့် ဖြစ်သည်၊ သို့ရာတွင် ကိုယ်ခန္ဓာ့ ဖြစ်ပေါ်နေသော ရောဂါအတော် များများမှာ စိတ်အပေါ်အခြေခံသောကြောင့် ယင်းရောဂါများ သည်လည်း စိတ်နှလုံးညစ်ကြေးမှု ကင်းစင်သွားခြင်း၏ အကျိုးဆက်အရ ပျောက်ကင်းသွား တတ်သည်၊ သို့သော် ယောဂီများသည် ရောဂါကုသရန် ရည်ရွယ်ချက်သက် သက်ဖြင့် တရားဝင်ရန် မသင့်လျော်ပါ၊ ရည်ရွယ်ချက်သည် စိတ်ကို ဖြူစင်သန့်စင်စေရန် အတွက်သာလျှင် ဖြစ်သင့်သည်။